Yatoro Shows the Video of His Damaged House in Ukraine
စစ်ဘေးကြောင့်ပျက်စီးနေတဲ့သူ့နေအိမ်ကို Video နဲ့ပြသခဲ့တဲ့ Yatoro
လက်ရှိ TI10 ချန်ပီယံ Team Spirit ရဲ့ Carry Player ဖြစ်သူ Yatoro က လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကြောင့် သူ့ရဲ့ယူကရိန်းမှာရှိတဲ့နေအိမ်ဘယ်လိုပျက်စီးနေတဲ့အကြောင်းကို Video နဲ့ Instagram ပေါ်မှာ ပြသခဲ့ပါတယ်။
သူ့ရဲ့ Instagram Story မှာ သူ့အခန်းဆိုးဆိုးဝါးဝါးပျက်စီးနေပုံတွေ၊ ပရိဘောဂတွေ တစစီဖြစ်နေပုံတွေ၊ သုံးမရတော့အောင်ပျက်စီးသွားတဲ့ PC နဲ့ တခြား Decoration တွေပုံကို အတွဲလိုက်တင်ခဲ့ပါတယ်။
Yatoro ရဲ့မွေးရပ်မြေဖြစ်တဲ့ Bucha မြို့က ယူကရိန်းမြို့တော် Kyiv နားမှာတည်ရှိပါတယ်။
မတ်လအစောပိုင်းမှာတော့ Team Spirit က စစ်ဘေးရှောင်ဖို့အတွက် သူတို့ရဲ့ရုံးခန်းကို ဆားဘီးယားနိင်ငံ Belgrade မြို့ကိုရွေ့ပြောင်းခဲ့ပြီး Yatoro က လက်ရှိမှာသူ့ရဲ့တခြား Team Spirit အသင်းဖော်တွေနဲ့အတူ အဲ့မှာပဲတူတူရှိနေပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၁၄ ရက်နေ့မှာတော့ Yatoro က သူ့ရဲ့ Instagram Account မှာ စစ်ဒဏ်ကြောင့် Bucha မှာရှိတဲ့ သူ့ရဲ့နေအိမ်ဘယ်လိုပျက်စီးသွားလဲဆိုတာကို Video Series ရိုက်ပြီး တင်ခဲ့ပါတယ်။
အဲ့ Video တွေမှာတော့ မီးဖိုချောင်၊ ရေချိုးခန်း၊ ဧည့်ခန်းနဲ့ အိပ်ခန်းတွေကိုရိုက်ပြထားခဲ့ပြီး အိပ်ခန်းရဲ့တချို့နေရာတွေကတော့ တခြားနေရာတွေထက် ပိုမိုပျက်စီးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
Yatoro ရဲ့အိပ်ရာက တော်တော်အခြေအနေဆိုးနေသလို သူရဲ့ Gaming Rig ကလည်း ဆိုးဆိုးဝါးဝါးကိုထိခိုက်ပျက်စီးထားတာပါ။
ဒါ့အပြင် TV နဲ့ပရိဘောဂတွေရဲ့အခြေအနေကလည်း မြင်ရက်စရာတောင်မရှိပါဘူး။
ကံကောင်းတာကတော့ Yatoro Bucha မှာမွေးထားတဲ့ကြောင်လေးတွေကတော့ အန္ကရာယ်ကင်းတယ်လို့သိရပါတယ်။
Video Link
Yatoro shows his house in Bucha. Aftermath of russian invasion : DotA2 (reddit.com)
ရုရှားကနေယူကရိန်းကိုကျူးကျော်ခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထဲက Yatoro ဟာ သူ့နိင်ငံနဲ့တသားထဲရှိတဲ့အကြောင်းကို ဓာတ်ပုံတွေ၊ Video တွေအများကြီးတင်ပြီးပြသခဲ့ပြီး ထောက်ပံ့မှုတွေကိုလည်း ရှာဖွေခဲ့ပါတယ်။
ကံမကောင်းစွာပဲ သူ့ရဲ့ Bucha မြို့က စစ်ဒဏ်ကိုအခံရဆုံးမြို့တွေထဲက တမြို့ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ Bucha ကနေ ရုရှားတပ်တွေပြန်ဆုတ်သွားပေမယ့် စစ်ဒဏ်ကြောင့် ဖွတ်ဖွတ်ညပ်ညပ်ကြေပြီးကျန်ခဲ့ပါတယ်။
ဆားဘီးယားနိင်ငံ Belgrade မြို့မှာပြောင်းလဲအခြေချထားတဲ့ Team Spirit ကတော့ ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့က Twitter မှာ ကြေငြာချက် ၁ ခုကိုထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒါကတော့ သူတို့အနေနဲ့ မော်စကိုမြို့မှာ သူတို့ရဲ့ Infrastructure တွေကို ပိုမိုကောင်းမွန်အောင်လုပ်မယ့်အစီအစဉ်တွေကိုဖျက်သိမ်းပြီး Belgrade မြို့ကိုဝန်ထမ်းတွေကိုပြောင်းရွေ့ဖို့အတွက်ပဲ ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်တယ်ဆိုတဲ့ကြေငြာချက်ပါ။
ဒါ့ကြောင့် ရုရှားအခြေစိုက် Org ဖြစ်ပေမယ့် ဒီအရေးမှာ ရုရှားအစိုးရကို လုံးဝမထောက်ခံကြောင်းကိုလည်း ပြသလိုက်ခြင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁ လခွဲလောက်အတွင်းမှာ ယူကရိန်းနဲ့ International Esports Org တချို့ကလည်း ရုရှားအဖွဲ့အစည်းတွေ၊ အသင်းတွေနဲ့ အဆက်အသွယ်ဖြတ်ထားခဲ့ပါတယ်။
ရုရှားရဲ့ယူကရိန်းကျူးကျော်စစ်က EEU Dota 2 Scene ကိုလည်း တော်တော်လည်းထိခိုက်ခဲ့ပါတယ်။
လက်ရှိမှာ Valve က EEU Region က Tour 2 ကို ရက်အကန့်သတ်မရှိရွေ့ဆိုင်းထားပါတယ်။